Dhama Site Links


Friend Sites



အထူ နဲ့ အပါး၊ အမှား နဲ့ အမှန်
“ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းတတ်သည်။ တရွာသားကို ရည်းစားလုပ်တော့ လွမ်းရတတ်သည်။” အထဲကဟာ လူမြင်စေချင်လျင် အင်္ကျီပါးဝတ်ကြသည်။ အခုခေတ်မှာ အပါးပင်လျင် မ၀တ်ချင်ကြတော့ပါ။ စက္ကူပါးပါး၊ အ၀တ်ပါးပါး၊ ပါးသောအရာများသည် ပေါက်ပြဲလွယ်သည်။ လုံအောင် မဖုံးနိုင်ပါ။

ဒါပေမဲ့ ကိုယ်ဝန်ရေမြွာအိတ်ဟာ မထူပေမဲ့ သန္ဓေသားကို လုံအောင်ဖုံးပြီး၊ ကောင်းကောင်း ကာကွယ်နိုင်တယ်။ ပါးတယ် ဆိုတိုင်း အားနည်းချက် မဟုတ်သလို၊ ထူတိုင်းလဲ အားသာချက် ဟုတ်ချင်မှ ဟုတ်မည်။ “သိပ်ထူတဲ့ကောင်” ဆိုတာ နှိမ်ပြောခံရတာပါ။ တံတိုင်းထူကြီးတွေ၊ နံရံမြင့်ကြီးတွေဆောက်တဲ့ အလေ့က ရှေးကျသွားပါပြီ။

လူတွေလုပ်တဲ့ နံရံတွေဟာ လုံအောင်သာ လုပ်ပေးတယ်။ ဒါတောင် ကိုယ့်ကိုယ်ကို (ဗွီအိုင်ပီ) လုပ်သူတွေဟာ တံတိုင်းပေါ်မှာ ပုလင်းကွဲတွေပါ စိုက်ထားရသေးတာ။ (ဆူပါ-ဗွီအိုင်ပီ) နေရာတွေကြ ပုလင်းကွဲနဲ့ မရလို့၊ ဓါတ်ကြိုးတွေ တပ်ထားရသေးတယ်။ လျှပ်စစ်ဝိုင်ယာ ၀င်းထရံ Electric fences ဟာ (မာ့ခ်တွိန်း) ရေးခဲ့တဲ့ “အာသာဘုရင်ကြီး ရှေ့မှောက် ရောက်ရသော ယန်းကီး တယောက်” ၀တ္တုထဲမှာ ပါခဲ့တာမို့ နှစ် ၁၀၀ ကျော်သွားပြီ။

လူမှာတော့ အဖုံးအကာတွေက လုံခြုံအောင် ဖုံးအုပ်ပေးတဲ့ပြင်၊ သဏ္ဌာန်ပေါ်အောင်လဲ ဖေါ်ဆောင်ပေးတယ်။ လိုအပ်ရင် သင့်တာတွေ ၀င်-ထွက်စေအာင်ဆိုတဲ့ ရှုတ်ထွေးတဲ့ တာဝန်ကိုပါ လုပ်နိုင်သေးတယ်။ မွေးကတည်းကနေ သေတဲ့အထိ ရှူလိုက်တဲ့လေကို သန့်သွားအောင်လုပ်ပေးတဲ့ အလုပ်ကို အဆုပ်ထဲက အင်မတန် ပါးလွှာပြီး၊ Alveoli ခေါ်တဲ့ လေအိပ်လေးပေါင်း သန်း ၃၀၀ ကနေ လုပ်ပေးတယ်။ Gas exchange “လေလဲလှယ်ရေးဌာန” ပေါ့။ နှစ်လမ်းသွား တာဝန်ယူပါတယ်။ ဒါပေမဲ့ ဘယ်လောက် ပါးသလဲဆိုရင် (မိုက်ခရောင်) ၂၀၀-၃၀၀ သာ အထူရှိတယ်။ (မိုက်ခရောင်) ဆိုတာ ၁ မီတာရဲ့ ၁ သန်းပုံ ၁ ပုံ ပြောတာ။ စကားမှာ “အတော်ပါးတဲ့ကောင်” ဆိုတာ အကင်းပါးတာကို ခေါ်တာမို့ ချီးကျူးရာ ကျတယ်။

လူ့ခန္ဓာကိုယ်မှာ အဖုံးအကာတွေ နေရာတကာ ရှိတယ်။ လက်ဖမိုးမှာက အရေပါး၊ လက်ဖ၀ါးမှာ အရေထူ။ နုတ်ခမ်း၊ မျက်ခမ်း၊ မွေးလမ်း တို့မှာ နိုင်လွန်စလို ပါးပြီး၊ ပိုးလို ချောတဲ့ အဖုံးလွှာရှိတယ်။ လူမှာ အထူဆုံး၊ ခေါင်းကိုဖုံးတဲ့ ဦးရေခွံဟာ ငါးထပ်ရှိတာ။ ဘောလုံးသမားတွေကြ ထူယုံမကဘူး၊ မာသေးတယ်။ အရေပြားရဲ့ နောက်အလုပ်တခုက ကိုယ်ထဲက ရေနဲ့ဆားကို စွန့်ထုတ်ပေးတယ်။ နဖူးကချွေး ပါးစပ်ထဲကျအောင် အလုပ်လုပ်ရသူများက ငံတာသိကြတယ်။ ထမင်းချက်ရင် မျက်စိထဲ ချွေးဝင်တဲ့ အိမ်ရှင်မတွေ ငရုပ်သီးမကိုင်ဘဲ စပ်ကြရတယ်။ (လီယို-တော်လ်စထွိုင်) ၀တ္ထုတွေကို ဆယ်တန်း ပြဌာန်းစာအုပ် လုပ်ဖူးတယ်။ တပုဒ်မှာ “လက်မှာ အသားမာ မရှိရင်၊ ထမင်းမကြွေးဘူး” တဲ့။ အသားမာတွေ ရှိနေအောင် အလုပ်လုပ်တာတောင်မှ ထမင်းဝအောင် မစားရတာကိုတော့ အခုခေတ် စာရေးဆရာတွေက (ဆင်ဆာ လွတ်ရင်) ရေးကြစေချင်တယ်။

နောက် ပါးလွလွလေး တခုကတော့ ကျောက်ကပ်ထဲက Bowman's capsule ဖြစ်တယ်။ လူ့ကျောက်ကပ်ဟာ ရေစစ်နဲ့ တူတယ်။ အ၀တ်စ ဖြူဖြူလေးကို နခမ်းမှာ သွပ်ကြိုးဝိုင်းလေး ထည့်ချုပ်ပြီး၊ အောက်မှာ ချွန်နေအောင် ဆက်ချုပ်တားတာ။ အပေါ်ကနေ ရေလောင်းထည့်ရင် အနယ်-အမှုံတွေကို အောက်မကျအောင် စစ်ပေးမယ်။ ပရိက္ခရာ (၈)ပါးထဲမှာလဲ “ပရိသာဝန” ဆိုတာ ရေစစ်ပါ။ ရေစစ်နဲ့ စစ်တာချင်း တူပေမဲ့ ကျောက်ကပ်က လိုချင်တာတွေကို ချန်ထားပြီး၊ မလိုတာတွေကို စစ်ထုတ်ပြစ်တာမို့ ပြောင်းပြန်ဖြစ်ပါတယ်။ သွေးကို (ဘောမင်း-ကက်ပ်ဆူးလ်) ကနေ လိုချင်တာတွေ စစ်ထားပြီး၊ မလိုတာတွေ ထုတ်ပေးလိုက်တော့ “ဆီး” ဖြစ်လာရတာပါဘဲ။

နယ်နိမိတ်တွေကို မြစ်တွေ၊ တောင်တွေ၊ ပင်လယ်-ရေအိုင်ကမ်းခြေစတဲ့ သဘာဝ နယ်ခြားတွေနဲ့၊ ဒါတွေမရှိရင် နယ်ခြား မှတ်တိုင်တွေနဲ့ သတ်မှတ်ပါတယ်။ နယ်စပ်မျဉ်းကို မကျော်ရဘူးလို့ ဥပဒေနဲ့ တားထားပေမဲ့ သိတဲ့အတိုင်း ဗမာပြည်မှာ နယ်စပ်တိုင်းက နေ့တိုင်း၊ ၀င်-ထွက်နေကြတယ်။ ထိုင်းနဲ့ မလေးရှားကို ကျောက်ကပ်လိုဘဲ တဖက်သတ်ဘဲ သွားတယ်။ ကန်တော့ပါရဲ့ ထွက်နေသူတွေကို ဆီး လို့ ပြောချင်တာ မဟုတ်ဘူးနော်။ ကျောက်ကပ်ရောဂါ ရှိရင် လိုတာတွေကိုပါ ထုတ်ပြစ်တယ်။ တိုင်းပြည်က ကျောက်ကပ်နာနဲ့ တူနေလို့၊ Albumin တွေပါ ဆီးထဲပါနေတယ်။

အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေကတော့ အဆုပ်ထဲက လေအိပ်နံရံနဲ့ ဆင်တယ်။ အ၀င်ရော၊ အထွက်ရောဘဲ။ ပြန်ပြောင်း-ပြောင်းပြန် ဖြစ်နေတာက အာသန်-ကသည်းသူပုန် နဲ့ ခေါ်တောကုလားတွေ လာစေ၊ ဒုက္ခရောက်နေတဲ့ ကိုယ့် နိုင်ငံသားတွေ ထွက်စေ။ (အောက်စီဂျင်) ကို ထုတ်ပြီး၊ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ကို စုပ်ယူတာမျိုး။

အရှေ့မြောက်နယ်စပ်ကတော့ ဘာနဲ့တူလည်းဆိုရင် “မီးနီရပ်ကွက်” မှာ (ကွန်ဒွန်) မပါတဲ့လူကို ဧည့်ခံနေရသလိုဘဲ။ မရှိလို့ လုပ်စားပါတယ်။ ကုမရတာနဲ့ ညားနေရရှာတယ်။ ခုခံအားကိုပါ ဖျက်ဆီးတယ်။ လက်ယပ်ကလည်း ခေါ်နေကြသေးတာ။

“အမှန်နဲ့ အမှားကြားမှာ ပါးပါးပါးလေးသာ ခြားတယ်” လို့ မှတ်ချက်ပြုကြပါတယ်။ လုံခြုံအောင် စည်းတား ထားခဲ့ပေမဲ့ ဒဿဂီရိက သီတာမင်းသမီးကို ခိုးသွားနိုင်ခဲ့တယ်။ တံတိုင်းမြင့်မှာ ပုလင်းကွဲ စိုက်တာနဲ့ မလုံခြုံပါ။ အောက်စီဂျင်နဲ့တူတဲ့ လောင်စာ-စွမ်းအင်တွေက ပြောင်းပြန် ထွက်နေတာမို့ ဓါတ်ကြိုးလည်း မဆင်နိုင်ပါ။ Supermax ဆိုတာ ကုန်တိုက် မဟုတ်ဘူး။ High Security Prison အထူး-လုံခြုံ-တင်းကြပ်တဲ့ အကျဉ်းစခန်းကို ခေါ်တာ။ Guantanamo ပင်လယ်အော်က ဟာမျိုး ပေါ့ဗျာ။ ဝေဖန်တာ၊ ကန့်ကွက်တာကို လေးစားရမှန်း သိတော့ ဒါလဲ ပိတ်ရတော့မယ်။ (ဘာလင်) တံတိုင်းဟာ ၂၈ နှစ်သာ ခံတယ်။ ဆွေးမြေ့လို့ ပျက်သွားတာ မဟုတ်ပါ။ တံတိုင်းခတ်စရာမလိုအောင် လုပ်ကြလို့ပါ။

ဗမာပြည်ကို ရေမြွှာအိပ်နဲ့သာ ကာကွယ်ဘို့ သင့်တယ် မဟုတ်ပါလား။ အဆုပ်လည်း ကောင်းကြပါစေ၊ ကျောက်ကပ်လည်း ကောင်းကြပါစေ။

Dr. တင့်ဆွေ
၁၂-၅-၂၀၁၀
-> Posted by Tint Swe on 31.05.2010 09:05:29

0 Comments · 448 Reads · Print
Comments
No Comments have been Posted.
Please Login to Post a Comment.
Ratings
Rating is available to Members only.

Please login or register to vote.

No Ratings have been Posted.